International News

ဩစတြေးလျနိုင်ငံရှိ လတ်လတ်ဆတ်ဆတ်အစားအစာများနှင့် အေးခဲထားသော အစားအစာ ဈေးနှုန်းများ လအတန်ကြာ ဆက်လက်မြင့်မားနေမည်

Last Updated:

ယူကရိန်းစစ်ပွဲ၊  နယူးဆောက်ဝေးလ်ပြည်နယ်နှင့် ကွင်းစလန်ပြည်နယ်ရှိ ရေလွှမ်းမိုးမှုများသည် ထောက်ပံ့ပေးသွင်းသူများအပေါ် ဖိအားဆက်လက်သက်ရောက်လျက်ရှိနေရာ လာမည့်သီတင်းပတ်များအတွင်း လတ်လတ်ဆတ်ဆတ် အစားအစာများနှင့် အေးခဲ ထားသော အစားအစာများအတွက် ဈေးနှုန်းများမြင့်မားနိုင်ကြောင်း ခန့်မှန်းထားသည်။

Richies IGA အမှုဆောင်အရာရှိချုပ် Fred Harrison က လတ်ဆတ်သော ဘရိုကိုလီ၏စျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၇ ဒေါ်လာ အထိ ခုန်တက်သွားပြီး၊ ပြုပြင်ထုတ်လုပ်သူများသည် အေးခဲထားသော ဟင်းသီးဟင်းရွက်များကို စူပါမားကက်များသို့ တင်သွင်းနိုင် ရန် ရုန်းကန်နေရကြောင်း၊ ရေကြီးမှုကြောင့် ဟင်းသီးဟင်းရွက်များ အရမ်းရှားပါးနေကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် (၂) ပတ် နှင့်နှိုင်းယှဉ်ပါက အထူးသဖြင့် ဂေါ်ဖီထုပ်၊ အာလူး၊  ဘရိုကိုလီတို့မှာ  ၇၅% ခုန်တက်သွားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် အနည်းဆုံးခြောက်လအထိ မြင့်မားနေမည်ဖြစ်ပြီး၊ အေးခဲထားသောဟင်းသီး ဟင်းရွက်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ခန့်မှန်းထားသည်။

ယခင်က ဈေးသက်သာသော ဟင်းသီးဟင်းရွက်များနှင့်အတူ မြင့်မားလာသော အမဲသားနှင့် သိုးသားဈေးနှုန်းများကို ခုနှိမ်နိုင်ခြင်း မရှိခြင်းကြောင့် စူပါမားကက်များသည် Red Meat ဈေးနှုန်းများမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ လွန်ခဲ့သည့်နှစ်အနည်း ငယ်အတွင်း အမဲသားဈေးနှုန်းများ သိသိသာသာတက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ တိရိစ္ဆာန်ပရိုတင်းများလေ့လာဆန်းစစ်သူ Angus Gidley-Baird က ပြောကြားခဲ့သည်။ လက်လီရောင်းချသူများနှင့် စားသုံးသူများသည် အတိုင်းအတာတစ်ခုအထိ ဤတိုးမြင့် လာသော စျေးနှုန်းများကို လိုက်လျောညီထွေဖြစ်စေနိုင်သော်လည်း အခြားအစားအစာ အမျိုးအစားအားလုံး၏ဈေးနှုန်း မြင့်တက် လာပါက အသားအတွက် သုံးစွဲမှုကို လျှော့ချနိုင်ကြောင်း သိရှိရသည်။

ကြက်စျေးနှုန်းများ တည်ငြိမ်နေပြီဖြစ်ကြောင်း Mr Gidley-Baird က ပြောကြားသော်လည်း ယူကရိန်းစစ်ပွဲကြောင့် မြင့်မားသော အစားအစာကုန်ကျစရိတ်သည် အနာဂတ်ထုတ်ကုန်များ၏ ကုန်ကျစရိတ်အဖြစ် ထည့်သွင်းတွက်ချက်နိုင်သည့်အတွက် ဈေးနှုန်းမြင့် တက်လာနိုင်ကြောင်း သိရှိရသည်။ လောင်စာဆီဈေးနှုန်းကြီးမြင့်မှုနှင့် အခြားသွင်းအားစု ကုန်ကျစရိတ်များသည် ထောက်ပံ့ရေးကွင်း ဆက်ကို ထိခိုက်စေသောကြောင့် စားသုံးသူများသည် လာမည့်လများအတွင်း အခြားမရှိမဖြစ်လိုအပ်သော ကုန်ခြောက်ပစ္စည်းများ အတွက် ပုံမှန်စျေးနှုန်းတက်လာနိုင်သည်ဟု Mr Harrison က ပြောကြားခဲ့သည်။ စျေးနှုန်းအပြောင်းအလဲကို ချက်ချင်းတုံ့ပြန်လေ့ ရှိသည့် အသား၊ သစ်သီးနှင့်  ဟင်းသီးဟင်းရွက်များမှအပ ကုန်ခြောက်ဈေးနှုန်းများမှာမူ တိုးမြင့်လာရန် နှစ်လမှ လေးလအထိ ကြာ နိုင်ကြောင်း ခန့်မှန်းထားသည်။

ပစ္စည်းထောက်ပံ့ပေးသွင်းသူများက စျေးနှုန်းတိုးမြှင့်ရန်လိုအပ်ကြောင်း ထည့်သွင်းစဉ်းစားရသည့် အကြောင်းရင်းကို စူပါမားကတ် များထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအခြေအနေများတွင် အများစုသည် ဈေးနှုန်းမြင့်တက်ရန် အတည်ပြုပြီး ဖြစ်နေကြသော်လည်း အကယ်၍ အတည်ပြုပါက စျေးနှုန်းတက်ရန် ရှစ်ပတ်အထိ ကြာမြင့်သည့်ကာလများရှိတတ်ကြောင်း သိရှိရ သည်။

Woolworths မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီသည် ပေးသွင်းသူများထံမှ လက်ကားကုန်ကျစရိတ်များ တိုးလာပြီးနောက် လက်လီစျေးနှုန်းအချို့ကို ချိန်ညှိခဲ့ကြောင်း ၊ Coke Fanta (သို့)  Red Meat တို့၏ စင်ပေါ်ရှိစျေးနှုန်းများ မြင့်တက်နေခြင်းသည် ယင်း၏ ဥပမာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုန်ကြမ်းစရိတ်များ တိုးမြင့်လာခြင်း၊ စွမ်းအင်စျေးနှုန်း မြင့်တက်ခြင်းနှင့် သယ် ယူစရိတ်များအပါအဝင် လက်လီရောင်းချသူများအတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာရှိကြောင်း Coles စူပါမားကတ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News